Showing posts with label ဒဿနစာစုများ. Show all posts
Showing posts with label ဒဿနစာစုများ. Show all posts

မနာလိုစိတ်

Thursday, August 14, 2008

မနာလိုစိတ်ဟာ လူတွေမှာမွေးကတည်းက ကပ်ပါလာတဲ့စိတ်ပဲ။ အနည်းနဲ့ အများတော့ ရှိကြတာဘဲ။ သူတစ်ပါးကောင်းစားတာကို မရှုစိမ့်တဲ့စိတ်ဟာ တစ်ချို့လူတွေမှာ အတော်ကြီးမား ပြင်းထန်တယ်။ အဲဒီစိတ်ဟာ သူတို့ကိုဘဲ ပြန်ပြီး နှိပ်စက်တယ်။ မနာလိုအဖြစ် ခံရတဲ့လူကို နှိပ်စက်ဖို့ အကြောင်းကတော့ အတော်ဘဲနည်းတယ်။ မနာလိုစိတ်ဟာ ကိုယ့်မှာ အကျိုးမရှိဘူးဆိုတာ သိတန် သလောက် သိပေမဲ့ ဖျောက်ဖျက်လို့ ရနိုင်ဖို့ခဲယဉ်းတယ်။ ဘယ်လောက်ပဲ သဘောထားကျယ်ပြန့် တယ်ဆိုဆို မနာလို စိတ်ကလေးတော့ နည်းနည်းကျဉ်းကျဉ်း ရှိသေးတာဘဲ။ ကိုယ့်ကိုယ်ကို သိချင်မှ တောင် သိမယ်။
မနာလိုစိတ်ကို တတ်နိုင်သလောက် ကင်းရှင်းအောင် ကြိုးစားရာမှာ မုဒိတာတရား ပွားများရ ပေမယ်။ သူတစ်ပါးကောင်းစားတာကို နှစ်လိုမှုရှိဘို့ဟာ ကြိုးပမ်း ဆည်းပူးယူရတဲ့ တရားမျိုးဘဲ။ မလွယ်ဘူး။
မနာလိုစိတ်ဟာ လူတွေမှာ အတော်များများ ရှိကြလို့ မဖြစ်တန်တဲ့ ဒုက္ခတွေ ဖြစ်ကုန်ကြတာဘဲ။ မနာလိုစိတ်ရှိတဲ့လူတွေကို လွတ်အောင် ရှောင်နိုင်ဘို့ကတော့ ခက်တယ်။ လူတောထဲမှာ နေရသှမျှ မနာလိုစိတ်တွေကို ပတ်ဝန်းကျင်မှာ တွေ့ရမှာဘဲ။ ကိုယ်လဲ ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်း ဖြစ်နေတော့ ကိုယ့်အတွင်း သန္တာန်မှာလဲ ရှိနေတာဘဲ။
မနာလိုစိတ် တွေရဲ့ သြဇာကို ကိုယ်က မခံယူဘို့ ကြိုးစားရမယ်။ ဆိုချင်တာကတော့။ သူများ မနာလိုတာကို ဂရုစိုက်မနေဘဲ ကိုယ့်လမ်းကို မှန်မှန်သွားဘို့ပါပဲ။ မနာလိုသူတွေဟာ နောက်ဆုံး ကျတော့ မောသွားကြမယ်။ ငြိမ်သွား ကြမယ်။ မငြိမ်ဘဲ ဆက်ပြီး တိုက်နေယင်လဲ အချည်းနှီးဘဲ ဖြစ်နေလိမ့်မယ်။
မနာလိုမှုတွေရဲ့ သြဇာကို တွန်းလှန်နိုင်ဘို့ကတော့ ခိုင်မာ မှန်ကန်တဲ့ စိတ်ဓာတ်ပဲ။ လုပ်သင့်တယ် ထင်တာကို ဆင်ဆင်ခြင်ခြင် နဲ့ လုပ်ပြီး လူ့ဝတ္တရား ကျေပွန်ရင် မနာလိုစိတ်တွေဟာ မီးကိုတိုးတဲ့ ပိုးဖလန်တွေ ဖြစ်သွားမှာ အမှန်ပဲ။



ဆရာကြီး တက်တိုး၏ အတွေးအခေါ်မှတ်စုများစာအုပ်မှ